
တစ်ဦးတည်းသောကလေးတွေကို ဘယ်လိုအကျင့်ကောင်းတွေကို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးကြမလဲ ?
တစ်ဦးတည်းသောကလေးတွေကို ငယ်စဉ်ကတည်းက ဝေမျှတတ်အောင်၊ အလျှော့ပေးတတ်အောင် သင်ကြားပေးဖို့မဖြစ်မနေလိုအပ်လှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဦးတည်းသောကလေးအများစုဟာ ငယ်စဉ်ကတည်းက အလိုလိုက်ခံရလေ့ရှိပြီး လိုချင်သမျှရလေ့ရှိတတ်လို့ပါ။
တစ်ဦးတည်းသောကလေးတစ်ယောက်ရဲ့ ကမ္ဘာဟာ သူတို့လေးတွေစိတ်ကြိုက် အမြဲဖန်တီးပေးခံထားရလေ့ရှိတတ်ပါတယ်။ ပတ်ဝန်းကျင်က သူတို့လေးတွေကို အမြဲ အလိုလိုက်အကြိုက်ဆောင် အလျော့ပေးထားတဲ့ အတွက် အမြဲတမ်းဦးစားပေးခံခြင်တဲ့အကျင့်၊ အလျော့မပေးတတ်တဲ့အကျင့်၊ မဝေမျှတတ်တဲ့အကျင့်တွေကိုရလာပါစေတယ်။
အဲ့ဒီ့အတွက် ကလေးကို ငယ်စဉ်ကတည်းက သူတစ်ပါးတွေနဲ့ အပေးအယူအကြောင်းတွေကို သိအောင်သင်ကြားပေးထားရမှာဖြစ်ပါတယ်။ ကလေးဘဝမှာကတည်း လောကရဲ့ “ သူ့အလှည့်ကိုယ့်အလှည့်” အကြောင်းကို သိအောင်သင်ပြပေးရမှာပါ။ ဒါမှဝေမျှတတ်တဲ့အကျင့်၊ အလျှော့ပေးတတ်တဲ့အကျင့်ကောင်းတွေရလာမှာဖြစ်ပါတယ်။
နေ့စဉ်နေ့တိုင်း မိဘနဲ့ လှမ်းလှမ်းမှာ နာရီပိုင်းလောက်ထားပေးပါ။
အနီးအနားက ပန်းခြံတစ်ခုမှာ သွားကစားခိုင်းတာမျိုး၊ ကစားကွင်းမှာ သွားကစားတာမျိုးကိုလုပ်ပေးပါ။သူတို့ရောက်တဲ့နေရာမှာ တွေ့တဲ့ရွယ်တူကလေးတွေနဲ့ ဆော့ကစားပါစေ။ အဲဒီလိုလွှတ်ပေးထားရင် ကလေးချင်းတွေ့တာနဲ့ သူတို့လေးတွေကြားမှာ လူမှု့ဆက်ဆံရေးတစ်ခု ဖြစ်အောင်ကြိုးစားပြီး လုပ်လာကြရမှာ ဖြစ်ပါတယ်။
အဲဒီလိုပေါင်းသင်း ဆက်ဆံမှုတွေ များများပြုလုပ်လာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ တစ်ပါးသူကိုငဲ့ညှာတတ်လာမှာပါ။ သူတစ်ပါးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းလိုက်လျောတတ်ခြင်း၊ မျှတစွာ တောင်းဆိုမှုများပြုလုပ်ခြင်း၊ မိမိပစ္စည်းများကို ယဉ်ယဉ်ကျေးကျေးပြန်လည်ရယူခြင်း စတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို အတွေ့အကြုံရလာစေပါမယ်။ ဒီအတွက်လူကြီးမိဘတွေက သူတို့လေးတွေ ဒီလိုအလေ့အကျင့်မျိုးတွေရအောင် ကူညီလုပ်ဆောင်ပေးရပါလိမ့်မယ်။