
“ ကြမ်းတမ်းတဲ့စကားတွေ၊ ညစ်ညမ်းတဲ့ဆဲရေးတွေ ပြုလုပ်တဲ့ကလေးကို အကောင်းဆုံးပြုပြင်နည်း”
မိဘက သားသမီးကို သူတို့သုံးနှုံးလိုက်တဲ့ ညစ်ညမ်းတဲစကားလုံးတွေ၊ ဆဲတဲ့စကားလုံးတွေဟာ သူတို့ရဲ့စိတ်နှလုံးကို ညစ်နွမ်းစေသလို၊ အများရဲ့ စိတ်နှလုံးကိုလည်းညစ်နွမ်း စေတယ်ဆိုတာကို သင်ထားပေးရပါမယ်။ ဒီနည်းနဲ့ ယုတ်ရင်းကြမ်းတမ်းတဲ့စကားတွေကို ဘာကြောင့် မသုံးသင့်တာလဲဆိုတာကို ကလေးက နားလည်လာပါလိမ့်မယ်။
ကလေးတွေဟာများသောအားဖြင့် ပြင်ပပတ်ဝန်းကျင်က လူအများနဲ့ ထိတွေ့ ဆက်ဆံရတဲ့အခါမှာ ဒီညစ်ညမ်းကြမ်းတမ်းတဲ့ စကားလုံးတွေကို ကြားလာတာပါ။ သူများတွေသုံးတာကို တွေ့ပြီး ပြန်သုံးကြတာဖြစ်ပါတယ်။ သူတို့အနေနဲ့ တစ်ခြားသူလဲသုံးတာပဲ သူတို့လဲသုံးလို့ရတယ်လို့ မှတ်ထင်ထားကြလို့ ပြန်သုံးကြတာပါ။ အဲဒီလိုစကားကြမ်းတွေနဲ့ ဆဲဆိုတတ်လာရင် ကလေးကို ရှင်းပြခွင့်မပေးဘဲ ဆူပူကြိမ်းမောင်းဖို့သာ လုပ်မယ်ဆိုရင်တော့ အကျိုးမရှိပါဘူး။ အဲဒီလို ကလေးရဲ့ဆဲဆိုသံ ကြားရင် သူ့တို့ကို အခုလိုမေးပေးပါ။ “မေမေ့သားလေးက လူယဉ်ကျေးလေးပါ။ သားရဲ့ နှလုံးသားလေးက လှနေတာနော်။” “တကယ်လို့ ဒီလို ကြမ်းကြမ်းတမ်းတမ်း ညစ်ညစ်ပတ်ပတ်တွေ ပြောနေရင် အကျဉ်းတန်သွား လိမ့်မယ်။” “သားက နှလုံးသား လှလှလေးဖြစ်ချင်တာလား အကျဉ်းတန်ကြီး ဖြစ်ချင်တာလား” လို့မေးပေးပါ။ ယဉ်ကျေးတဲ့စကားတွေကို ပိုသင်ပေးပါ။ ဘယ်လိုပြောရတယ် ဆိုတာကို လက်တွေ့လုပ်ပြပါ။ ဘယ်လိုအကျိုးရှိတယ်ဆိုတာကို မြင်သာအောင် သင်ပြပေးပါ။ ကြောက်အောင်ခြောက်ပြီးတားရမှာထက် ဘာကြောင့်မသုံးသင့်လဲဆိုတာ နားလည်အောင် သင်ပြပြီးတားရမှာဖြစ်ပါတယ်။ ယဉ်ကျေးစွာစကားပြောဆိုတတ်တာကို တန်ဖိုးထားတတ်အောင် လေ့ကျင့်သင်ကြားပေးရမှာဖြစ်ပါတယ်။