Blog Detail

ကလေးကိုဆူရတဲ့အခါမျိုးမှာ ဘယ်လိုနည်းလေးသုံးကြမလဲ ?

ကလေးကိုဆူရတဲ့အခါမျိုးမှာ ဘယ်လိုနည်းလေးသုံးကြမလဲ ?

ကလေးကို ဆုံးမတဲ့နေရာမှာ မိဘနှစ်ပါးစလုံးက တစ်ခါတည်းဆူမဲ့အစား တစ်ယောက်ချင်းက ဆူတာပိုသင့်တော်ပါတယ်။ မိဘနှစ်ပါးစလုံးက ဆူပူတဲ့အခါမှာ ကလေးဖြစ်သူက နေစရာမရှိဖြစ် ပြီး အဆူခံရတဲ့နေရာမှာတင် တစ်ခါတည်းပျောက်သွားချင်တဲ့စိတ်တွေဖြစ်လာစေပါတယ်။
မိဘတစ်ယောက်ယောက်က ကလေးကို ဆူနေရင် ကျန်တစ်ယောက်ဘာမှဝင်မပြောဘဲ ဆူပူပြီးတဲ့အခါမှာတော့ ကလေးကို နှစ်သိမ့်အားပေးလိုက်ပါ။ ကလေးကိုဆူတဲ့အခါမှာလဲ သူလုပ်ခဲ့တဲ့ လက်မခံနိုင်တဲ့အပြစ်နဲ့ပတ်သတ်ပြီးသာ ဦးစားပေးပြောဆိုသင့်ပါတယ်။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်ဓါတ်အညွှန့်ချိုးသလိုမျိုးပြောဆိုမဆူပူသင့်ပါဘူး။
ဥပမာအားဖြင့် “အသုံးမကျတဲ့ကောင်တို့၊ သုံးစားမရဘူးတို့၊ အလာကားကောင်တို့၊ အရိုင်းအစိုင်းတို့၊ ဉာဏ်မရှိတဲ့ကောင်တို့၊ အရှက်မရှိတဲ့ကောင်တို့” လိုမျိုးစကားလုံးတွေကို မသုံးမိအောင် ဆင်ခြင်သင့်ပါတယ်။ နစ်နာအောင်ပြောပြီး ဆူပူပြောဆိုတယ်၊ ကြောက်အောင်ခြောက်ပြီး ဆူပူပြောဆိုတယ် ဆိုတာတွေဟာ ကလေးရဲ့ စိတ်နဲ့ နှလုံးသားကို ပိုမိုညစ်နွမ်းသွားစေတာသာ အဖတ်တင်ပါတယ်။ လူညွှန့်တုံးသွားအောင်လုပ်စေချင်တာ၊ မကြောက်ကြောက်အောင် ဖိနှိပ်ချင်တာ ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အမှန်တကယ်ကလေးလုပ်ခဲ့တဲ့လုပ်ရပ် ကို ဘာကြောင့်မလုပ်သင့်တာလဲဆိုတာကို အဖြေရှာပေးလိုက်တာမဟုတ်တဲ့အတွက် အခွင့်အရေးရရင် ပြန်လုပ်မှာပါပဲ။ တန်ဖိုးထားလေးစားရမဲ့အရာတွေဖြစ်လို့မချိုးဖောက်တာဆိုတဲ့ စိတ်မျိုးကိုထည့်ပေးရာမရောက်ပါဘူး။ ကလေးအတွက် အဖြေရှာပေးတာ မဖြစ်တော့ပါဘူူး။
တစ်ခါတစ်လေ တစ်ချို့မိဘတွေပြောတဲ့ ဖိထားမှတော်ကာကြမယ်တို့၊ မိဘနဲ့ကလေးဆိုတာ အားပြိုင်တာတို့၊ လေးစားအောင်ခြောက်ထားရတယ်ဆိုတာတွေဟာ အမှန်တကယ်တော့ သူတို့လေးတွေကို မှန်ကန်တဲ့လမ်းကိုသူတို့ကိုယ်တိုင် တန်ဖိုးထားလျှောက်တတ်အောင် လေ့ကျင့်ပေးရာမကြဘဲ၊ အနိုင်ကျင့်ထားတာပဲဖြစ်ပါတယ်။ အားမတန်လို့မာန်လျော့လိုက်ရတဲ့ ကလေးတွေဟာ အားသာလာတဲ့တစ်နေ့မှာ ဘာတွေဖြစ်လာသလဲဆိုတာ ဆန်းစစ်ကြည့်စေလိုပါတယ်။
မိမိရင်သွေးရဲ့ မှားယွင်းတဲ့အပြုအမူနဲ့ လက်မခံနိုင်တဲ့အခြေအနေ အနေအထားတွေဟာ သူတို့ဘဝအတွက် တန်ဖိုးမရှိတာကိုသိအောင် သင်ပြပေးဖို့ လမ်းပြပေးဖို့က အဓိကပါ။ အကြီးကပြောလို့အမှန်ဖြစ်တာတို့၊ ကြောက်ရလို့လက်ခံရတယ်တို့ဆိုတာ လူ့အသိုင်းအဝိုင်းကို ထိခိုက်စေတဲ့တန်ဖိုးတွေဖြစ်လာစေလို့ပါ။ မိဘတစ်ဦးကဆူပြီး နောက်တစ်ဦးက ဝင်ကာခိုင်းတာမျိုးမဟုတ်ပါဘူးဆိုတာကိုလည်းသတိထားရပါမယ်။ မဆူတဲ့မိဘက ကလေးဘက်ကမှန်တယ်ဆိုတာမျိုးလုပ်ဖို့လည်းမဟုတ်ပါဘူး။ ဝမ်းနည်းနေတာကို အားပေးနှစ်သိမ့်ပေးဖို့ဖြစ်ပါတယ်။
လက်မခံနိုင်တဲ့မှားယွင်းတဲ့အပြုအမူကို မလုပ်ဖို့ မိဘနှစ်ဦး စလုံးကလက်ခံမှုအတူတူထားရမှာပါ။ နှစ်သိမ့်ပေးတယ်ဆိုတာ မိဘနဲ့သားသမီးကြားက နားလည်းမှုမလွဲသွားအောင်ပြုလုပ်တာပါ။ ကလေးရဲ့ မိသားစုအတွင်းက သူရဲ့ရပ်တည်မှုကို မဆုံးရံှုးအောင်ပြုလုပ်ပေးတာပါ။ အခြေအနေအချိန်အခါကိုလိုက်ပြီး မိဘက ကလေးရဲ့ ကောင်းကွက်တွေကို ချီးကျူးပေးရမှာဖြစ်သလို လိုအပ်ချက်တွေကိုတွေတဲ့အခါမှာလည်း ဘာကြောင့်မလုပ်သင့်တာလဲ။ ဘာအကျိုးဆက်တွေဖြစ်နိုင်သလဲဆိုတာကို ရှင်းပြဆုံးမမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါမှသာ မိသားစုအတွင်းမှာ ဘယ်အရာတွေဟာ တန်ဖိုးထားဆောင်ရွက်ရမယ်၊ ဘယ်လိုအရာတွေကိုရှောင်ကြဉ်ရမယ်ဆိုတာကို ကွဲကွဲပြားပြား နားလည်ကြတဲ့အတွက် ပိုမိုအဆင်ပြေပျော်ရွှင်စရာကောင်းတဲ့မိသားစုဖြစ်လာစေပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Shichida Myanmar